လိပ်သို ဇန်နဝါရီ ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကရင်သက္ကရာဇ် (၂၇၆၄) ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့နှင့် နိုင်ငံတကာနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် ရပ်ကွက်နှင့် ကျေးရွာဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယမန်နေ့ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲတွင် အမျိုးသားဘော်လီဘောအသင်းနှင့် အမျိုးသမီး ဘော်လီဘောအသင်းမှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော လိပ်သိုလူငယ်အသင်း၊ ဒုတိယဆုရရှိသော လမ်းခွဲအသင်းနှင့် တတိယဆုရရှိသော ကလောပလိုအသင်းတို့ အား မြို့အုပ်အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ မြို့မိမြို့ဖ ဦးစောဂျေအေဝင်းမြင့်နှင့် တာဝန်ရှိသူများ က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲကို လိပ်သိုမြို့ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူတို့က ပူးပေါင်းကျင်းပပေးခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာအသီးသီးမှ အသင်း (၁၈) သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်