မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

အထက်မင်းလှ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊‌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားခဲ့ကာ မြို့နယ်ပညာရေးမှူးဦးညွန့်ဝင်း ကပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်၊ မြို့နယ်အဆင့်များတွင် အားကစားထူးချွန်ဆုရရှိသူများ အထိမ်းအမှတ်နေ့ ပြိုင်ပွဲများတွင် အားကစားပြိုင်ပွဲများနှင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရအောင် သင်ကြားနိုင်သည့် ဆရာ၊ ဆရာမများအား သင်ကြားမှုထူးချွန်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် မင်းလှအခြေခံပညာအထက်တန်းမှ ကျောင်းသား၊ ကျောင်းသူများက ”ထာဝရသစ္စာ” သီချင်း၊”ဇာတိမာန် ”သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)