ရှမ်းရွာသစ် ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်စောင့်ရှောက်မှုကို စနစ်တကျခံယူရန် မိမိကြိုက်နှစ်သက်ရာ အစားအစာများကို ရွေးချယ်စားသုံးခြင်းမပြုဘဲ အစာအာဟာရ(၃)အုပ်စုကို မျှတပြည့်ဝစွာ စားသုံးရန်စသည့် ကျန်းမာရေးအကြောင်းသိကောင်းစရာများလည်းကောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အကြောင်းအရာများ၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးနှင့် ပတ်သက်၍ ရှောင်ရန်၊ဆောင်ရန်အချက်များ စသည်ဖြင့် အသိပညာပေး ဆွေးနွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါနှင့် ဆုံဆို့နာရောဂါ ကာကွယ်ဆေးများထိုးပေးခြင်း၊ သံချဆေးတိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ရာဇဝင်မေးခြင်း၊ HIV/AIDS ရောဂါ စစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းနှင့် သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း စသည့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)