ငဖဲ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ငဖဲမြို့အားကစားကွင်းနှင့် အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ အားကစားပြိုင်ပွဲများကို တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါအားကစားပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်းဆင့် ဘောလီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလယ်တန်းနှင့်မူလတန်းအဆင့်တွင် ဘောလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်ပါဝင် ကစားခဲ့ကြပြီး ဆုရရှိသူများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး ငဖဲ(အ.ထ.က)တွင် ကျင်းပပြုလုပ်မည့် စုံညီပွဲတော်တွင်လည်း ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာထက်မြက်ခြင်း၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်ခြင်း၊ အားကစားစိတ်ဓာတ်များ ရှင်သန်ဖွံ့ဖြိုးပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်ရှိခြင်းနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)