ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊‌ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်က အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၄ ရက်နေ့ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှကောက်နုတ်ချက်၊ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (‌၅)ရပ်၊ ဘိုမျိုး(ရွှေဘို) ရေးသားသည့် မွှေးမြပွင့်လန်း လွတ်လပ်ရေးပန်းကဗျာ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးကိုကာကွယ်ရမယ် ခေါင်းစဉ်ဖြင့် (၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)၊ အေးအတူ ပူအမျှ ခေါင်းစဉ်ဖြင့် (၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ကျင်းပသော ဖဆပလညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်)၊ ကာတွန်းများပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)