တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထများရရှိစေရန်၊ ပျော်ရွှင်မှုရရှိစေရန်နှင့် ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားပြိုင်ပွဲများဖြစ်သည့် ကြက်ဥကောက်ပြိုင်ပွဲ၊ ဂေါ်လီဇွန်းကိုက်ပြိုင်ပွဲ၊ ကြိုးထိုးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ် (၄၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)