မင်းဘူး ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယနေ့တွင် သီရိမင်္ဂလာ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် မြောက်ရပ်မူလတန်းကျောင်းတို့တွင် ကျောင်းအုပ်ဆရာကြီးများက ဦးဆောင်၍ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းများတွင် အတန်းစဥ်အလိုက် အပြေးပြိုင်ပွဲ၊ ကုလားထိုင်လု၊ အိတ်စွတ်၊ ဖားကုန်၊ စကောရွက်၊ အာလူးကောက်၊ ဇွန်းကိုက်နှင့် ပူပေါင်းနင်းပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည်။
ယင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရ ကျောင်းသား၊ ကျောင်းသူများကို မိမိကျောင်းများအလိုက် ဇန်နဝါရီ ၃ ရက်နေ့တွင်လည်းကောင်း၊ ကျောင်းများတွင် ကျင်းပမည့် စုံညီပွဲများတွင်လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးများက ပြောသည်။
ထို့ပြင် အားကစားပြိုင်ပွဲများကို မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်းနှင့် ထိုသို့အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်လူရွယ်များ အားကစားစိတ်ဓာတ်များ ရှင်သန်စေရန်၊ အားကစားတွင် စိတ်ပါဝင်စားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ကျင်းပပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်က ပြောသည်။
ဇေယျာနိုင်(ရွှေကန်မြေ)