ရွှေစက်တော်ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

​မင်းဘူး ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို မင်းဘူးမြို့ မင်းမင်းဟိုတယ်၌ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲတွင် မင်းဘူးခရိုင် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ (DMO)ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လက်ရှိအခြေအနေနှင့်ကိုက်ညီမည့် ကာလတိုအစီအမံ (Short Term Plan)များကို ဒေသအလိုက် ရေးဆွဲဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်လင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော (DMO)ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူ စီးပွားရေးလုပ်ငန်းရှင်များက အုပ်စု(၃)အုပ်စုခွဲ၍ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်ပြီး တင်ပြလိုသော အကြောင်းအရာများကို ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီးနောက် အုပ်စုအဖွဲ့ခေါင်းဆောင်များက အဖွဲ့လိုက်ရွေးချယ် ကောက်နုတ်စုစည်းတင်ပြချက်များကို ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းအဖြစ် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အုပ်စု (၃)အုပ်စုမှ ဆွေးနွေးပွဲရလဒ်များကို တာဝန်ရှိသူများက ပြန်လည်သုံးသပ်ဆွေးနွေးပြီး မြေပြင်တွင် လက်တွေ့ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချက်များနှင့် ထွက်ပေါ်လာသော ရလဒ်ကောင်းများကို မှတ်တမ်းတင် စစ်တမ်းကောက်ယူ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်း၌ လေ့လာလည်ပတ်ရန် ခရီးစဉ်ဒေသများစွာရှိသည့်အနက်မှ မန်းရွှေစက်တော်ခရီးစဉ်ဒေသသည် ထင်ရှားထူးခြားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအရပ်ရပ်ရှိ ပြည်တွင်းဘုရားဖူးဧည့်သည်အများဆုံး လာရောက်လည်ပတ်သည့် နေရာတစ်ခုဖြစ်သည့်အတွက် ကာလတို စီမံချက်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ပြီးနောက် ကာလရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်တွက် ယခုလို အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် မီးခိုးတိတ်စီးပွားရေးတစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းနှင့်အတူ ဒွန်တွဲရပ်တည်နေသည့် စားသောက်ဆိုင်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုဆောင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် ဒေသထွက်လုပ်ကိုင်သူများအတွက် အကျိုးဖြစ်ထွန်းပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိ၍ စီးပွားရေးများဖွံ့ဖြိုးတိုးတက်ကာ လူနေမှုဘဝအဆင့်အတန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက်က ရှင်းပြခဲ့သည်။

မန်းရွှေစက်တော်ရာဘုရားကြီးကို တစ်နှစ်ပတ်လုံး သွားရောက်လည်ပတ် လေ့လာနိုင်သည့် ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်နိုင်မည့် အစီအစဉ်များဖြစ်သည့် ရွှေစက်တော်ဒေသ သဘာဝရှုမျှော်ခင်းအလှအပ (View Point)နေရာများ ဖော်ထုတ်ခြင်း၊ ဒေသခံပြည်သူများ၏ လူမှုဘဝကို လေ့လာနိုင်သည့် ကျေးရွာများအဖြစ် ဖော်ဆောင်ခြင်း၊ ရွှေစက်တော်ဒေသတစ်ဝိုက်တွင် တောင်တက်ခရီးစဉ်လမ်းကြောင်းများ၊ တောတွင်းစက်ဘီးစီးခရီးစဉ်လမ်းကြောင်းများ စီစဉ်ဆောင်ရွက်ခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များဖြစ်သည့် ဆင်၊ မျောက်၊ သမင်၊ ကြယ်လိပ်၊ ငှက်များကို သဘာဝအတိုင်း လေ့လာနိုင်သည့် အစီအစဉ်များ စီစဉ်ဆောင်ရွက်ခြင်းတို့ကို ဖော်ဆောင်နိုင်မည်ဆိုပါက ရွှေစက်တော်ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်မှုသာမက တိုင်းဒေသကြီး၏ စီးပွားရေးကဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိ မင်းဘူးခရိုင်အတွင်း၌ စစ်တမ်းကောက်ယူမှုများအရ ၂၀၂၃ ခုနှစ်တွင် ခရီးသွားဧည့်သည် (၄၈၈၁၀၀)ဦး တည်းခိုဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ခရီးသွားဧည့်သည် (၅၀၆၆၆၂)ဦး တည်းခိုဝင်ရောက်ခဲ့တဲ့အတွက် ယခင်နှစ်ထက် (၄)ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)