မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အား သွားရောက်ဖူးမြော်နိုင်ရန် ဘေလီသံပေါင်တံးတားတစ်စင်း တပ်ဆင်

​မင်းဘူး ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပစဉ်ကာလ အောက်စက်တော်ရာ(ခြေတော်ရာ)အား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ လွယ်လင့်တကူ အဆင်ပြေစွာ သွားရောက်ဖူးမြော်နိုင်စေရန် ယာယီဘေလီသံပေါင် တံတားတစ်စင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

“မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အား ဘုရားဖူးလာရောက်ကြသူများ လွယ်လင့်တကူ အဆင်မြေချောမွေ့စွာ သွားရောက်ဖူးမြော်နိုင်စေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တံတားတပ်ဆင်ရာတွင် ယခင်နှစ်က အသုံးပြုခဲ့သော တံတား အကျယ် ၁၂ ပေ ၈ လက်မ၊ အရှည်ပေ ၁၀၀ ရှိ ယာယီဘေလီသံပေါင် တံတားတစ်စင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လှူဒါန်းမှုဖြင့် အမှတ်(၉၆၇) ဆောက်လုပ်ရေးတပ်ခွဲ၊ အင်ဂျင်နီယာတပ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင်ပြီး တပ်ဆင်ဆောင်ရွက်နေကြောင်း၊ ယခုလ ၂ ရက်နေ့အထိ တံတားတပ်ဆင်ခြင်းလုပ်ငန်းအားလုံး  ၉၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း တပ်ဆင်ပြီးစီးတော့မည်ဖြစ်ကြောင်း” မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။

ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ) ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများကို တည်းခိုဆောင်များတွင် ညအိပ်တည်းခိုနားနေခွင့်ပြုမည်ဖြစ်ကြောင်း၊ ယခင်နှစ် ဘုရားပွဲတော်အချိန်က မြန်မာလ ဝါထပ်သည့်နှစ်ဖြစ်ခဲ့သည့်အတွက် ပွဲတော်ရက်ကာလမှာ (၆၄)ရက်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)