ကလေးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်လှစ်

ကလေး ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၉)၊ မိုးလင်းရှောင်စောန်း ဘုရားကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသေးစား၊ အငယ်စားနှင့် အလတ်စား အိမ်တွင်းစက်မှု၊ လက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် အမျိုးသမီးများအနေဖြင့် အိုးမကွာ အိမ်မကွာ တစ်နိုင်တပိုင်လုပ်ကိုင်လျက် မိသားစုဝင်ငွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်သောကြောင့် သင်တန်းသားများအနေဖြင့် သင်ခန်းစာများကို သေချာဂရုစိုက် ကြိုးစားသင်ယူကြရန် ပြောကြားခဲ့သည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်မော်က သင်တန်းဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဖွင့်လှစ်သွားမည့် အခြေအနေများကို ပြောကြားခဲ့ပြီး မိုးလင်းရှောင်စောန်းဘုရားကျောင်းဆရာတော်ကြီး ဦးကမ်းဆွန်းမန်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသား/သင်တန်းသူများက ချင်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများ သင်ကြားပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ သင်တန်းကို ဇန်နဝါရီလ ၂ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်‌ကြောင်း သိရသည်။  

ကျော်ဟိန်း(ပြန်/ဆက်)