စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၂

စစ်ကိုင်းပညာရေးတက္ကသိုလ် (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပညာရပ်ဝိဇ္ဇာနှင့် အသုံးချသိပ္ပံဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်မြတ်သော်နှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကား ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများက “ ပညာပန်းတို့ ပွင့်လန်းရာမြေ” ကျောင်းသီချင်းဖြင့် ကပြဖျော်ဖြေပေးကြသည်။

သုတေသနစာတမ်းဖတ်ပွဲတွင် သုတေသနစာတမ်း(၁၀၉)စောင်ရှိပြီး ပညာရေးဘာသာရပ်များမှ စာတမ်း(၃၂)စောင်၊  ဝိဇ္ဇာဘာသာရပ်မှ စာတမ်း(၁၂)စောင်၊ သိပ္ပံဘာသာရပ်များမှ စာတမ်း(၆၅)စောင်ရှိရာ စစ်ကိုင်းတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ မိုးညှင်းတက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ မန္တလေးပညာရေးဒီဂရီကောလိပ်၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ်၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ကသာပညာရေးဒီဂရီကောလိပ်၊ ဆရာအတတ်ပညာဦးစီးဌာန၊ Naypyitaw State Academy၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ တောင်ငူပညာရေးဒီဂရီကောလိပ်၊ လားရှိုးပညာရေးဒီဂရီကောလိပ်များမှ လာရောက်၍ (၃)ရက်ကြာ ဖတ်ကြားသွားကြမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်း(ပြန်/ဆက်)