ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံဟင်းသီးဟင်းရွက်စုံ ၇၅၁၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးသူတောင်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေအတွက် အထောက်အကူပြုလျက်ရှိ

ကန့်ဘလူ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များကို ရာသီအလိုက် တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း တစ်ဖက်တစ်လမ်းမှ မိသားစုစီးပွားရေး အဆင်ပြေစေရေး နှစ်စဥ်စိုက်ပျိုးလုပ်ကိုင်ကြပြီး စဥ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ (၂၀၂၄-၂၀၂၅) ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များစိုက်ပျိုးမှုကို စက်တင်ဘာ၊ အောက်တိုဘာလမှစတင်၍ စိုက်ပျိုးကြပြီး ယနေ့အထိ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် (၇၅၁၅) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်တော်ကတော့ အများပြည်သူတွေ မဖြစ်မန ဝယ်ယူစားသုံးကြတဲ့ ဟင်းသီးဟင်းရွက်တွေကို ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါတယ်။ အခုစိုက်ပျိုးထားတာက ခရမ်းသီး၊ ခရမ်းချဥ်၊ နံနံ၊ မုန်ညင်း၊ ဆလပ်ရွက်များကို စိုက်ပျိုးလျက်ရှိပါတယ်။ စိုက်ပျိုးပြီးထွက်ရှိလာတဲ့ သီးနှံတွေကို ကိုယ်တိုင်လည်းရောင်းသလို၊ ဖောက်သည်လည်းပေးပါတယ်။ ခရမ်းသီးတစ်ပိဿာကို ကျပ် ၂၀၀၀၊ မုန်ညင်းရွက် ၄/၅ ရွက်တစ်စည်းကို ကျပ် ၅၀၀/၆၀၀ ရောင်းချပါတယ်။ နောက်ပျိုးမယ့်သီးနှံတွေအတွက်လည်း ထယ်ရေးပြင်ပြီး အခြားသီးနှံတွေ ဆက်လက်စိုက်ပျိုးသွားမှာဖြစ်ပါတယ် ” ဟု ကန့်ဘလူမြို့ အမှတ်( ၄)ရပ်ကွက်မှ တောင်သူတစ်ဦးက ပြောပြသည်။

ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုအနေဖြင့် ပန်းဂေါ်ဖီ၊ မုန်ညင်း၊ ကိုက်လန်၊ မုန်လာဥ၊ ဆလပ်ရွက်၊ တိုင်ထောင်ပဲ၊ နံနံ၊ ဘူးသီး၊ ခဝဲ၊ ရုံးပတီ၊ ခရမ်းချဥ်၊ ခရမ်းသီး စသည့်သီးနှံတို့ကို စိုက်ပျိုးကြကြောင်း၊ အဆိုပါသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကွင်းတာဝန်ခံများက တောင်သူများ စိုက်ပျိုးကွင်းအရောက် ကွင်းဆင်းပြီး တောင်သူများနှင့်တွေ့ဆုံကာ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့မြို့နယ်မှာ ဒီ (၂၀၂၄-၂၀၂၅) ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးတဲ့ကာလမှာ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်စုံ (၇၄၂၆) ဧက လျာထားစိုက်ပျိုးခဲ့ရာမှာ (၇၅၁၅) ဧကအထိ စိုက်ပျိုးနိုင်ခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့် ၁၀၁ ဒသမ ၂ ရာခိုင်နှုန်း ရှိပါတယ်။ ဒီစားဖိုဆောင်သီးနှံတွေ စိုက်ပျိုးနိုင်ဖို့အတွက် မျိုးစေ့၊ နည်းပညာတွေနဲ့ အကြံပေးမှုတွေကို မစိုက်ပျိုးမီ စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးပါတယ် ” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က ပြောသည်။

စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များသည် အချိန်တိုအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်ကာ ငွေအမြန်ပေါ်သည့် သီးနှံများဖြစ်၍ စိုက်ပျိုးသူတောင်သူများက မိသားစုစီးပွားရေး အဆင်ပြေစေရေးအတွက် စဥ်ဆက်မပြတ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)