ထားဝယ် ဇန်နဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၅) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကိစ္စရပ်များသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သောကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆန်စပါးကို ပန်းတိုင်ရည်မှန်းချက်ပြည့်ဝရေးအတွက် တင်း(၁၀၀)ကျော် ထွက်ရှိအောင် ကြိုးစားလုပ်ကိုင်ဆောင်ရွက်ပေးစေလိုကြောင်း၊ စက်မှုသီးနှံတွင်ကော်ဖီအား ဧက(၃၀၀၀) စိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လာမည့်နှစ်တွင် ကော်ဖီမျိုးစေ့အား ပိုမိုထွက်ရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် တိုင်းရင်းသားတောင်သူ များပြားကြောင်း၊ တိုင်းရင်းသားတောင်သူများအနေဖြင့် ကွမ်းသီးပင်အား အလေးထား စိုက်ပျိုးလျက်ရှိကြောင်း၊ ကွမ်းသီးဈေး မတည်ငြိမ်ဖြစ်ပါက အခက်အခဲရှိနိုင်ပြီး ကွမ်းသီးပင်များအကြားတွင် ကော်ဖီပင်အား သီးညှပ်အနေဖြင့် စိုက်ပျိုးမည်ဆိုပါက နှစ်စဉ်နှစ်တိုင်း ဝင်ငွေတိုးကာ စားဝတ်နေရေးအဆင်ပြေလာနိုင်သောကြောင့် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ပြည်ပပို့ကုန်များအနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိပြီး ငါး၊ ပုဇွန်မွေးမြူရေးနှင့် ဂျင်း၊ ခရုများကို လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငါး၊ ပုဇွန်မွေးမြူရေးတွင် နိုင်ငံတော်အကြီးအကဲများက အလေးထားလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ပြည်ပမှဝင်ငွေရရှိရေးအတွက် ပို့ကုန်များကို တိုးမြှင့်လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပြီး ပုဇွန်ကန် (၁၀၀၀)ကန်အထိ ကြိုးစား၍ လုပ်ကိုင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးမြေစာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းလင်းဦးက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)