သံတောင်ကြီးမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲ ပြုလုပ်

သံ‌တောင်ကြီး ဇန်နဝါရီ ၂

ကရင်ပြည်နယ်၊ သံတာင်ကြီးမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီက ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်လိုအေးက ကျောင်းသား/သူကျောင်းသားများအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာစေရန် ယခုကဲ့သို့ ကာယစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မူလတန်းအဆင့်ကျောင်းသူ/‌ကျောင်းသားများက အပြေးပြိုင်ပွဲ အာလူးကောက်ပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲတို့ကိုလည်းကောင်း၊ အလယ်တန်းကျောင်းသူ/ကျောင်းသားများက ဇွန်းကိုက်ပြိုင်ပွဲနှင့် အပြေးပြိုင်ပွဲတို့ကိုလည်းကောင်း၊ ထက်၊ လယ်၊ မူ အသင်းလိုက် ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲများကို လည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား ဇန်နဝါရီ(၆)ရက်နေ့တွင် ပြုလုပ်မည့် ပညာရေးစုံညီပွဲတော်တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ