ကြံခင်းမြို့တွင်၂၀၂၅ ခုနှစ်၊ နှစ်သစ်အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်

ကြံခင်း ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒေသနေပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရန် ၂၀၂၅ ခုနှစ်၊ နှစ်သစ်အခါသမယ၌ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပင့်ဖိတ်ထားကြကုန်သော မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် ဦးဝါယမနှင့် ဂိုဏ်းပေါင်းစုံမှ ဆရာတော် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိ/ဖများက "နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီးနောက်၊ မုခ်ထုတ်ကျောင်းတိုက် ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက်၊ ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ရေများ  ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ အန္တရာယ်ကင်း  ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ဆက်လက်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီးနောက်၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ "ဗုဒ္ဓသာသနံ စိရံတိဌတု"သုံးကြိမ်ရွတ်ဆိုပူဇော်ကြသည်။ ယင်းနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦးဆောင်ပြီး ဂိုဏ်းပေါင်းစုံမှ ဆရာတော် သံဃာတော်များက  မြို့နယ်အတွင်းလှည့်လည်၍ အန္တရာယ်ကင်း  ပရိတ်တရားတော်များ  ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)