ကန့်ဘလူမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက စတင်၍ ယခုနှစ် ဇန်နဝါရီ ၂ ရက်နေ့အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

အဆိုပါပြိုင်ပွဲများမှာ ပိုက်ကျော်ခြင်း၊ ဖူဆယ်ဘောလုံးနှင့်ဘိလိယက်ပြိုင်ပွဲများ ယှဥ်ပြိုင်ကစားလျက်ရှိရာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့မကြက်တောင်ရုံကွင်း၌ အသင်းပေါင်း ၁၈ သင်းကလည်းကောင်း၊ ဖူဆယ်ဘောလုံးပြိုင်ပွဲကို အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ)ကွင်း၌ အသင်း ၂၈ သင်းကလည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲကို အမှတ် (၃) ရပ်ကွက် တပင်ရွှေထီးလမ်းဘေးရှိ ဦးတင်မြင့် ဘိလိယက်ခုံ၌ အသင်းဝင် ၂၈ ဦးကလည်းကောင်း ဝင်ရောက် ယှဥ်ပြိုင်လျက်ရှိသည်။

ထိုသို့အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်လူရွယ်များ အားကစားစိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန်၊ အားကစားတွင်စိတ်ပါဝင်စားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ကျင်းပခြင်းဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပြိုင်ပွဲများမှ ပထမ၊ ဒုတိယနှင့်တတိယဆုရအားကစားသမားများအား (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပမည့်အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)