ပခုက္ကူ ဇန်နဝါရီ ၁
ခရစ်နှစ် ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းသည့် နိုင်ငံတကာနှစ်သစ်ကူးနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးတို့၌ ပြည်သူများ နှစ်သစ်ကူးနေ့အထိမ်းအမှတ် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြကြောင်း သိရသည်။
ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၊ ရွှေတန့်သစ်သရက္ခန်ဘုရား စသည့်ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီ တော်မြတ်ကြီးများ၌ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိသားစုနှင့် မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့များ၊ ဝန်ထမ်းမိသားစုများအလိုက် ဘုရားဖူးမြော်ကြည်ညိုကြပြီး ၂၀၂၅ခုနှစ်၊ နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ နှစ်သစ်ကြိုဆို မင်္ဂလာဆုမွန်ကောင်းခြင်း၊ ငါးအစာကျွေးခြင်း၊ ဘုရားဝန်းအတွင်း ရောင်းချသည့် မုန့်ပဲသရေစာများ ဝယ်ယူစားသောက်အပန်းဖြေခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
ထို့အပြင် ရပ်ကွက်နေပြည်သူများ၊ ဝန်ထမ်းမိသားစုအစုအဖွဲ့များအလိုက် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နှစ်သစ်ကူးချိန်ရောက်ရှိမည့်အချိန်ကို စောင့်ကြိုကာ ည ၁၂နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ဟစ်ကြွေးခြင်း၊ နှစ်သစ်ဆုတောင်းခြင်း၊ ပရိတ်ပဋ္ဌာန်းဒေသနာ တော်များရွတ်ဖတ်ပူဇော်ခြင်းတို့ဖြင့် ၂၀၂၅ခုနှစ်၊ နှစ်သစ်ကူး အခါသမယကိုကြိုဆိုကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)