(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွဲကပင်တောင် အတက်/ အဆင်း ပြိုင်ပွဲကျင်းပရာ ပြိုင်ပွဲဝင် ၁၃၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်

ဘားအံ ဇန်နဝါရီ ၁

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဆံတော်ရှင်ဇွဲကပင်တောင် အတက်/ အဆင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေ၌ကျင်းပရာ အသက် (၄၀) နှစ်အောက် အမျိုးသား ၅၇၅ ဦး၊ အမျိုးသမီး ၅၅၀ ဦး၊ အသက် (၄၀) နှစ် အထက် အမျိုးသား ၁၅၀ ဦး၊ အမျိုးသမီး ၈၉ ဦး စုစုပေါင်း ၁၃၆၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အမြင့်ပေ ၂၇၀၀ ကျော်ရှိ မက်စောက်မြင့်မားသော ဇွဲကပင်တောင်အား ဖြတ်ကျော်၍ ပြိုင်ပွဲဝင်ရခြင်းဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ဇွဲကပင်တောင်ခြေအရှေ့ခြမ်း သစ်ခြကျေးရွာတံတားဖြူတွင် သေနတ်ပစ်ဖောက်တာလွှတ်ပေး၍ ပြိုင်ပွဲအားစတင်ယှဉ်ပြိုင်စေ၍ ဇွဲကပင်တောင်ခြေအနောက်ခြမ်း တော်ပုံကျေးရွာ လုမ္ဗနီဥယျာဉ် အလယ်တန်းကျောင်းရှေ့တွင် ပြန်လည်ပန်းဝင်ခဲ့ခြင်းဖြစ်ကာ အဆိုပါပြိုင်ပွဲအား ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဇွဲကပင်တောင်၏ပြုပြင်ဖန်တီးထားခြင်းမရှိသော သဘာဝအလှအပများကို သိရှိခံစားနိုင်စေရန်၊  သဘာဝတောတောင်ရေမြေ ထိန်းသိမ်းရေးကို သိရှိနိုင်ရန်၊  ခြေလျင်တောင်တက် အားကစားနည်းကို လူအများ စိတ်ပါဝင်စားလာစေရန်နှင့် အဆိုပါအားကစားနည်းကို လေ့လာလိုက်စားဆောင်ရွက်ခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားများနှင့် တစ်မျိုးသားလုံးပိုမိုကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓမ္မကထိကဗဟုဇန ဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇအား လုမ္ဗနီဥယျာဉ်တိုက်ကျောင်း၌ သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။

ဇွဲကပင်တောင်အတက်/ အဆင်းပြိုင်ပွဲ အသက် (၄၀) နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ၅၃ မိနစ် ၃၅ စက္ကန့်၊ အမျိုးသမီး ၁ နာရီ ၂၁ မိနစ်၊ (၄၀)နှစ်အထက်အမျိုးသား ၁ နာရီ ၂၅ စက္ကန့်၊ အမျိုးသမီး ၁ နာရီ ၂၂ မိနစ်တို့တွင် ပြန်လည်ပန်းဝင်လာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်တက်အားကစားဝါသနာရှင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇက အသက်အငယ်ဆုံးပြိုင်ပွဲနှစ်ဦးနှင့် အသက်အကြီးဆုံးပြိုင်ပွဲဝင်နှစ်ဦးတို့အား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အသက် (၄၀) နှစ်အောက် အမျိုးသား/ အမျိုးသမီး နှစ်သိမ့်ဆု ၆ မှ ၅၀ ထိ၊ အသက်(၄၀)နှစ်အထက် အမျိုးသား/ အမျိုးသမီး နှစ်သိမ့်ဆု ၆ မှ ၃၅ ထိ ရရှိကြသူများကိုလည်းကောင်း၊ အသက် (၄၀) နှစ်အောက် အမျိုးသားပြိုင်ပွဲနှင့် အသက်(၄၀)နှစ်အထက် အမျိုးသမီး ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စစမဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်းဘေဘီမြင့်က အသက် (၄၀) နှစ်အောက် အမျိုးသမီးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စစမဆုရရှိကြသူများကိုလည်းကောင်း အသီးသီး ဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အသက် (၄၀) နှစ်အထက် အမျိုးသားပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ ဆုရရှိကြသူများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)