ငဖဲမြို့ ချင်းစုရပ်တွင် မေမြို့ပန်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ငဖဲ ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့မ ချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေးတွင် တည်ရှိပြီး အရှေ့ဘက်ကိုင်းမြေနှင့် လယ်မြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက် သီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် မေမြို့ (ချင်းမိုင်) ပန်းများ စိုက်ပျိုးရောင်းချရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုသီးနှံဝင်ငွေ နေ့စဉ်ရရှိကြောင်း တောင်သူ ဒေါ်သင်းခိုင်ထံမှ သိရသည်။

မေမြို့(ချင်းမိုင်)ပန်းများကို ယခင်နှစ်ကမျိုးစေ့ချန်ထားပြီး မိုးအကုန်တွင် သီးနှံမျိုးစေ့များကို စတင်ပျိုးထောင်ပြီး မြေအောက်ရေသွင်းကာ စိုက်ပျိုးရောင်းချကြောင်း၊ မေမြို့ပန်းသည် မြေကောင်း ကြိုက်သည့်အပြင် ရေကိုလည်း အလွန်နှစ်သက်သောကြောင့် နေ့စဉ်ရေသွင်းပေးရကာ နွားချေးနှင့် ဓါတ်မြေဩဇာများကျွေးပေးရကြောင်း၊ ယခုနှစ်ဆောင်းရာသီဝင်စ ဟင်းသီးဟင်းရွက်နှင့် ပန်းမာန်များ စိုက်ပျိုးရာသီတွင် မိုးရွာသွန်းမှုရှိ၍ စိုက်ပျိုးမှုနောက်ကျရကြောင်း၊ မိမိ၏ လယ်မြေတစ်ဧတွင် မေမြို့ပန်းများနှင့်အတူ အခြားဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားရှိပြီး ကိုင်းမြေမှထွက်ရှိသည့် ပန်းများနှင့်ဟင်းသီးဟင်းရွက်များကို ငဖဲမြို့မဈေးတွင် မိမိကိုယ်တိုင်ရောင်းချ၍ အခင်းသို့ဖောက်သည်လာဝယ်သူများ ရှိကြောင်း၊ မေမြို့ပန်းတစ်ပင်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချရကြောင်း၊ မေမြို့ (ချင်းမိုင်)ပန်းများနှင့် ဆောင်းသီးနှံဟင်းသီးဟင်းရွက်များကို နေ့စဉ်ငွေကျပ် လေးသောင်းဖိုးခန့် ရောင်းချရလို့ အဆင်ပြေကြောင်း၊ ကိုင်းမြေတစ်ဧကမှာ ဆောင်းသီးနှံများကို ရာသီအလိုက် စိုက်ပျိုးရောင်းချရလို့ သီးနှံဝင်ငွေတိုးပွားကာ မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း တောင်သူ ဒေါ်သင်းခိုင်က ပြောကြားသည်။

ငဖဲမြို့နယ်တွင် မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိန်းကျေးရွာများတွင် မြေအောက်ရေနှင့် မန်းချောင်းရေကို အသုံးပြု၍ လယ်မြေကိုင်းမြေများတွင် ဆောင်းသီးနှံဟင်းသီးဟင်းရွက်များနှင့်အတူ မေမြို့ပန်း၊ သစ္စာပန်းနှင့်ဂန္ဓမာပန်းများကို စိုက်ပျိုးရောင်းချကြကြောင်း သိရသည်။

မယု(ငဖဲ)