ကျွန်းလှမြို့နယ်၌ ကိုယ်အားကိုယ်ကိုး ကျေးရွာချင်းဆက် ရွာတွင်းလမ်းမကြီးပြုပြင်ချင်း ဆောင်ရွက်

ကျွန်းလှ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ကိုယ်အားကိုယ်ကိုး ကျေးရွာချင်းဆက် ရွာတွင်းလမ်းမကြီးကို ယနေ့နံနက် ၇ နာရီက ပြုပြင်ခြင်း ဆောင်ရွက်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရွာတွင်းလမ်းမကြီးက ပေ ၃၀၀၀ ကျော်ရှိတဲ့ ကတ္တရာလမ်းမကြီး ဖြစ်ပါတယ်။ ဒီလမ်းမကြီးက ကျေးရွာတွေနဲ့ ဆက်သွယ်ထားတဲ့အပြင် ကျွန်းလှ - သဖန်းဆိပ်သွား ကားလမ်းမကြီးနဲ့လည်း ဆက်သွယ်ထားပါတယ်။ လမ်းအရည်အသွေးကောင်းမွန်ပြီး ဒေသခံပြည်သူတွေ ရာသီမရွေး သွားလာရေး အဆင်ပြေစေဖို့ လမ်းပခုံးပြုပြင်ခြင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ထို့အပြင် ကျေးရွာတွင်း အရှေ့နောက်လမ်း ၇ လမ်း၊ တောင်မြောက်လမ်းမကြီး ၃ လမ်း၊ စုစုပေါင်း လမ်း (၁၀) လမ်း၊ အရှည်ပေ (၅၀၀၀) ကျော်ကို ကျေးရွာနေပြည်သူများ၏ လုပ်အား၊ အလှူရှင်များ လှူဒါန်းမှုငွေကျပ်သိန်း (၁၀၀) ကျော်ဖြင့် ဂျင်းမြေလမ်းခင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်း လမ်းများခင်းခြင်းနှင့် ပြုပြင်ခြင်းဆောင်ရွက်ခြင်းဖြင့် ရေစီးရေလာကောင်းမွန်ပြီး ရဟန်းရှင်လူများ၊ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေး သွားလာရေး အဆင်ပြေ၍ လူမှုစီးပွားဖွံ့ဖြိုးတိုးမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို