မြဝတီ ဇန်နဝါရီ ၁
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ ထွန်းလင်းစေရန်အတွက် (၄၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီတော် မြတ်ကြီး မြောက်ဘက်မုခ် မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီး ဝတ်တော်အတွင်း ကျင်းပသည်။
ဦးစွာမြတ်စွာဘုရားရှင်အားအမှူးထား၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ဦးဆောင်ကာ ပဋ္ဌာန်းကျမ်းတော်မြတ်ကြီးကိုပင့်ဆောင်ပြီး စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ခြင်းနှင့် သာသာနာ့အလံ လွှင့်ထူပူဇော်ခြင်း စတင်ဆောင်ရွက်သည်။
ထို့နောက် ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားကို ဖွင့်လှစ်ပေးပြီး သီရိရတနာသက်သက်လွတ် ကျောင်းတိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဦးအာသီသက ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် မြတ်စွာဘုရားရှင်အား ပင့်လျှောက်ပူဇော်ခြင်းနှင့် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် မင်းလက်ပံ ရွာ ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောဏ္ဍညက နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း ဆောင်ရွက်သည်။
ဆက်လက်၍ ပြည်နယ်သံဃာ့နာယကအဖွဲ့ဝင်တောင်တန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။
ဆက်လက်ပြီး ပွင့်လင်းအေးမြိုင် ရွာဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မရက္ခိတက ပဋ္ဌာန်းအမွန်း တိုက်တွန်းနှိုးဆော်လွှာ ဂါထာတော်ရွတ်ဖတ်ပူဇော်ပေးပြီး သံဃာတော် အရှင်သူမြတ်များဦးဆောင်၍ ပဋ္ဌာန်း ပစ္စယုဒေသ(၂၄)ပစ္စည်းအကျဉ်းကို သုံးကြိမ်သံပြိုင်ရွတ်ဆိုပူဇော်၍ အလှည့်ကျ ဘာဏက သံဃာတော်အရှင် သူမြတ်များက ပဋ္ဌာန်းကျမ်းတော်မြတ်ကြီးအား ဇန်နဝါရီ ၁ ရက်မှ ၉ ရက်ထိ ကိုးရက်တိုင်တိုင် နေ့/ည မပြတ် အသံမစဲ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)