ကန့်ဘလူ ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရေးနှင့် ရောဂါကူးစက်မှုမဖြစ်ပွားစေရန် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် (၅) ခုမှ ကလေးငယ်များအား အသက်အရွယ်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (၅) မျိုးစပ်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဝမ်းပျက်ဝမ်းလျှော (ရိုတ) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကလေးငယ် ၉၅ ဦးနှင့် ကိုယ်ဝန်ဆောင် မိခင် ၁၀ ဦးတို့အား ထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသည့်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များကိုလည်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)