ကံမ ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ် (၃) ရပ်ကွက်၊ ယွန်းကျောင်း ပရိယတ္တိစာသင်တိုက်၌ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ စာသင်တိုက် ပဓါနနာယက ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒနှင့် စာသင်စာချ ဆရာတော်များ၊ စာသင်သား သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်ခြင်းအဖြစ် ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါများ စစ်ဆေးပေးခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီက မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ် ဆရာဝန်နှင့်အဖွဲ့က အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးခဲ့သည်။
ထိုသို့ စစ်ဆေးကုသရာတွင် ဆရာတော် သံဃာတော်များအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို သွေးချို စစ်ဆေးပေးခြင်း၊ ECG စစ်ဆေးခြင်း စသည်တို့ကို ဆောင်ရွက်ပေး၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝေလင်းဗိုလ်နှင့် သူနာပြုဆရာမများက အခမဲ့ စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)