ပဲခူး ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းဖြေပျော်ရွှင်စေရန်နှင့် ၂၀၂၅ ခုနှစ် နှစ်သစ်ကို သာယာပျော်ရွှင် ချမ်းမြေ့စွာကြိုဆိုနိုင်ရန် ရည်ရွယ်၍ ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၃၁ ရက် ယမန်နေ့ညပိုင်းတွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဥ်ရပ်နားဝန်း၌ ကျင်းပပြုလုပ်ရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားခဲ့သည်။
နှစ်သစ်ကိုကြိုဆိုသည့် တေးဂီတဖျော်ဖြေရေးအစီအစဉ်တွင် Music Band၊ DJ များဖြင့် တွဲဖက်၍ အဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြရာ ပွဲတော်လာပြည်သူများက လိုက်ပါသီဆို၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
၂၀၂၄ ခုနှစ် နှစ်ဟောင်းကုန်၍ ၂၀၂၅ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းမည့် ည ၁၂ နာရီ မထိုးမီ အချိန်တွင် နှစ်သစ်ကူး Countdown ကို ပွဲတော်လာ ပြည်သူများက သံပြိုင်ရေတွက်ကြပြီး ည ၁၂ နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ဟစ်ကြွေးကြကာ မီးရှူးမီးပန်းများ ပစ်ဖောက်၍ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအခါသမယကို ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။
ထို့အပြင် ဖျော်ဖြေရေးကွင်းအတွင်း၌ စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသထွက်ကုန်များနှင့် ဒေသအစားအစာများကို ဝယ်ယူစားသုံးကြသည့် ဖျော်ဖြေပွဲလာ ပြည်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် Photo Booth များတွင် အမှတ်တရ အလှဓာတ်ပုံရိုက်ကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)