အုတ်တွင်း ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အုတ်တွင်းမြို့နယ်၊ ကြွယ်ဂံကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာ၊ ဘဝအဖော်မွန်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနန္ဒာလှိုင်က လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် သင်တန်းတက်ရောက်လာသော သင်တန်းသူများအား သင်ကြားပေးခဲ့သည့်ပညာရပ်များကို အသုံးပြု၍ မိသားစုတစ်ပိုင်တစ်နိုင်စားဝတ်နေရေး အထောက်အကူပြုစေရန်နှင့် အပိုဝင်ငွေရရှိစေရေးအတွက် အကျိုးရှိရှိလက်တွေ့ပြန်လည်အသုံးချစေရေး ဆက်လက်မှာကြားခဲ့သည်။
ထို့နောက် သင်တန်းသို့တက်ရောက်ခဲ့သော သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် အမှတ်တရလက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်လာသော ရပ်ရွာဥက္ကဋ္ဌ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များအား အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)