ဘားအံ ဒီဇင်ဘာ ၃၁
ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ကမ်းနားလမ်း၊ ညဈေးတန်းနေရာ၌ကျင်းပရာ ဗိုလ်လုပွဲစဉ်များအဖြစ် သံလွင်မြစ်အတွင်း၌ အမျိုးသား/အမျိုးသမီး ငါးတက်လှော် ပြိုင်ပွဲ၊ ခုနှစ်တက်လှော်ပြိုင်ပွဲနှင့် ၂၀ တက်လှော်နဂါးလှေလှော်ပြိုင်ပွဲတို့ကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်အသင်း ၁၈ သင်းမှအားကစားသမားပေါင်း ၄၅၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက ပြိုင်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ကျန်းမာရေးအဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ရေပြင်သက်ကယ်အဖွဲ့တို့အား ဂုဏ်ပြုဆုများနှင့် အမျိုးသမီး ငါးတက်လှော်၊ ခုနှစ်တက်လှော်နှင့် ၂၀ တက်နဂါးလှေလှော်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော လှေလှော်အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားငါးတက်လှော်ပြိုင်ပွဲနှင့် ခုနှစ်တက်လှော်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့်အသင်းများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုးသား ၂၀ တက်နဂါးလှေလှော်ပြိုင်ပွဲတွင် တတိယနှင့်ဒုတိယဆုရရှိသောအသင်းများအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသား ၂၀ တက်နဂါးလှေလှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဝတ်ကြီးတိုက်နယ်လှေလှော်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု ၁၅ သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကာ လှေလှော်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို ညဦးပိုင်း ၆ နာရီခန့်က ဘားအံမြို့၊ သီရိကွင်းဒုံးစင်မြင့်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့များ၊ အခြေခံပညာကျောင်းများနှင့်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ ကျောင်းသူများ၏ ကရင်ရိုးရာဝတ်စုံဖက်ရှင်ရှိုးနှင့် ကရင်ရိုးရာအကအလှများ၊ တာလာဂုဏ်းခေတ်ဟောင်းတေးသီချင်းများဖြင့် တီးမှုတ်ကခုန်သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ မီးပုံးပျံကွင်း၌ ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် ကလေးပွဲ ၉ ပွဲ၊ လူလတ်/လူကြီး ၂၈ ပွဲ၊ မိန်းကလေးပွဲ ၂ ပွဲတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်နေမှုများကို သွားရောက်ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်းနှင့် အဆိုပါလက်ဝှေ့ပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ညပိုင်းများတွင်ကျင်းပခဲ့ပြီး ပွဲစဉ်ပေါင်း ၈၁ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)