(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သိုက်(ကော့ဒါန်)ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်

ဘားအံ ဒီဇင်ဘာ ၃၁

(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ ကော့သိုက်ကွင်းနှင့် ကော့ဒါန်ကွင်းတို့ရှိ စိုက်ဧက(၃၀၀)ခန့်အား အကျိုးပြုနိုင်မည့် ကော့သိုက်(ကော့ဒါန်)ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

အဆိုပါကုန်ထုတ်လမ်းသစ်ကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ၁၃၉ ဒဿမ ၁၀၀ သန်းဖြင့် ကုန်ထုတ်လမ်းအရှည် ၁ မိုင် ၃ ဖာလုံနှင့် Box Culvert(၂)စင်းကို ခြူးကမ္ဘာမာန်နှင့် K3Z Engineering Group ကုမ္ပဏီတို့မှ တာဝန်ယူဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကုန်ထုတ်လမ်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျေးရွာသူ/သားများအားလုံး မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လိုစိတ်များမွေးမြူကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားကြရန် အကျိုးရှိရှိအသုံးပြုကြရန်နှင့် အစိုးရကဆောင်ရွက်ပေးရန်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအသီးသီးနှင့် ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးအောင် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးဝင်းနိုင်က ကုန်ထုတ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကော့သိုက်(ကော့ဒါန်)ကျေးရွာ ကုန်ထုတ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)