ဒေးဒရဲမြို့၌ အမျိုးသမီးများဘဝဖွံ့ဖြိုးလာစေရေး အသက်မွေးဝမ်း​ကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

ဒေးဒရဲ ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်စေရေး၊ ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေတိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်း သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခြေခံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်သီသီအောင်က အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရ​ခြင်းဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးလိုက်သည့် အတတ်ပညာများကို စနစ်တကျသေချာစွာလေ့လာမှတ်သားပြီး မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဝင်ငွေတိုးတစ်ပိုင်တစ်နိုင် စီးပွားဖြစ်ဆောင်ရွက်နိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းသူများအား တက်ရောက်လာသည့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့မှစတင်၍ အခြေခံစက်ချုပ်နည်းများကို တစ်လကြာသင်တန်းပို့ချပေးသွားမည်ဖြစ်ရာ ကျေးရွာအုပ်စုများက သင်တန်းသူ(၃၀)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။

အေဇာလင်း