ဒေးဒရဲ ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သင်ပေါင်းချောင်ကျေးရွာရှိ နွေစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက နွေစပါးမြောင်းများ တူးဖော်လျက်ရှိသည့် လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါနွေစပါးမြောင်းကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်(၁၈.၈၇၀)သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက အလျား(၇၀၇၀)ပေ၊ ထိပ်ဝအကျယ်(၁၈)ပေ၊ အောက်ခြေအကျယ်(၆)ပေ၊ အနက်(၅)ပေရှိ နွေစပါးမြောင်းအား စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး ၎င်းဒေသရှိ နွေစပါးစိုက်ဧက(၄၀၀)ဧကနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက် နွေစပါးမြောင်းများ တူးဖော်ပေးခြင်း၊ ရေငန်တားတာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း