ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၃၀၁၂၆ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ ပန်းတိုင်အထွက်နှုန်းများရရှိရေး တောင်သူများ ကြိုးပမ်းဆောင်ရွက်

ပွင့်ဖြူ ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ပန်းနှမ်းစသည့် ဆီထွက်သီးနှံစုံ ၃၀၁၂၆ ဧကထိ စိုက်ပျိုးပြီးစီးပြီကာ ပန်းတိုင်အထွက်နှုန်းများ ရရှိရေး ဒေသခံတောင်သူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ပန်းနှမ်းစသည့် ဆီထွက်သီးနှံစုံ ၂၇၉၉၂ ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသခံတောင်သူများက ဆီထွက်သီးနှံအလိုက် သတ်မှတ်စိုက်ဧက ပြည့်မီစေရန် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ၃၀၁၂၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆီစားသုံးမှုဖူလုံစေဖို့နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်ပြီး ဆီထွက်သီးနှံ စိုက်ပျိုးမှုအနေနှင့် နေကြာ ၁၂၈၀၅ ဧက ၊ မြေပဲ ၂၉၃၀ ဧက ၊ နှမ်း ၁၂၁၄၂ ဧက ၊ ပန်းနှမ်း ၁၁၅ ဧက ၊ စုစုပေါင်း ဆီထွက်သီးနှံစုံ စိုက်ဧက ၂၇၉၉၂ စိုက်ပျိုးဖို့ လျာထားပါကြောင်း၊ ယနေ့ထိ စိုက်ပျိုးပြီးစိုက်ဧကအနေနှင့် နေကြာ ၁၁၄၂၉ ဧက ၊ မြေပဲ ၃၀၈၆ ဧက ၊ နှမ်း ၁၅၂၉၂ ဧက ၊ ပန်းနှမ်း ၃၁၉ ဧက ၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၃၀၁၂၆ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး ပန်းတိုင်အထွက်နှုန်းများ ရရှိအောင် ဒေသခံ တောင်သူများကို ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရန်နှင့် စိုက်ပင်အရေအတွက် ပြည့်မီအောင် စိုက်ပျိုးရေး ၊ သွင်းအားစုပစ္စည်းတွေကိုလည်း အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရေး ၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးစသည့် တောင်သူပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းများ ကောင်းမွန်ရေးနှင့် အရည်အသွေးကောင်းသော သီးနှံများ ထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိအောင် ချိတ်ဆက်ကူညီပေးခြင်း ၊ စိုက်ပျိုးရေးနည်းပညာမျှဝေပေးခြင်း၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲရေးနှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းပညာပေးခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာစပ်ဆက်ဌာနများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )