ပခုက္ကူမြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လွတ်လပ်ရေးနေ့ကို တန်ဖိုးထားမြတ်နိုးပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို အခြေခံပညာကျောင်းများအလိုက် ကျင်းပလျက်ရှိကြောင်း သိရသည်။

ထိုသို့ကျင်းပရာ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့်အလိုက် စာစီစာကုံးပြိုင်ပွဲတွင် ၈၁ ဦး၊ ကဗျာပြိုင်ပွဲတွင် ၄၈ ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ၁၅ ဦး၊ ပန်းချီပြိုင်ပွဲတွင် ၅၅ ဦးစသည်ဖြင့် ဉာဏစွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၉၉ ဦးရှိကြောင်း၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ အပြေးနှင့်အခြားကာယစွမ်းရည်ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ ၅၂၀ ဦးကျော် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊ ပြိုင်ပွဲအမျိုးအစားများအလိုက် ဆုရရှိသူများကို ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)