မင်းဘူး ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မင်းဘူးမြို့ အားကစားနှင့်ကာယပညာဦးစီးဌာမှ ကြီးမှူးကျင်းပသော လူငယ်ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ကျောက်တန်းကျေးရွာ အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ကျောက်တန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းယုအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားမှူးဒေါ်နှင်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ပြည်သူတစ်ရပ်လုံး အမှတ်ရနေစေရန်နှင့် လွတ်လပ်ရေးနေ့ကို တန်ဖိုးထားမြတ်နိုးပြီး လူငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးစေကာ မြို့နယ်အဆင့်ပြိုင်ပွဲများမှ ထူးချွန်သောလူငယ်ဘောလုံးသမားများ ပိုမိုပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘောလုံးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ရာ ကျောက်တန်းကျေးရွာ (က)အသင်းက Red bull အသင်းအား ၆ ဂိုး ၀ ဖြင့်လည်းကောင်း၊ မောင်းမကန်အသင်းက မယ်ဘေ့ကုန်းအသင်းကို ၆ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲကို အသင်းပေါင်း ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပထမရရှိသည့်အသင်းကို ဆုကြေးငွေ ၅၀၀,၀၀၀ ၊ ဒုတိယရရှိသည့်အသင်းကို ဆုကြေးငွေ ၃၀၀,၀၀၀ နှင့် တတိယရရှိသည့်အသင်းကို ဆုကြေးငွေကျပ် ၂၀၀,၀၀၀ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း မြို့နယ်အားကစားမှူးဒေါ်နှင်းထံမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)