ပုသိမ် ဒီဇင်ဘာ ၃၁
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ လူတော်ကြီးကျေးရွာ Solar Mini-Grid မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းတို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက "ဧရာ၀တီတိုင်းဒေသကြီးအတွင်း Solar Mini-Grid မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကျေးရွာ (၅၇)ရွာအတွက် စီမံကိန်းလုပ်ငန်း (၃၅)ခု ပြီးစီးခဲ့ပြီး လူတော်ကြီးကျေးရွာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ဧရာ၀တီတိုင်းဒေသကြီးအတွင်း ယခုလက်ရှိ Solar Mini-Grid မီးလင်းရေး ဆောင်ရွက်ဆဲလုပ်ငန်း (၂)ခုရှိပြီး ကျေးရွာပေါင်း (၂)ရွာက အိမ်ခြေ (၅၆၂)အိမ်ရှိ ပြည်သူများသည် မကြာမီကာလအတွင်း လျှပ်စစ်မီးရရှိ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မဟာဓာတ်အားလိုင်းနှင့် အလှမ်းဝေးကွာပြီး လျှပ်စစ်ဓာတ်အားရရှိရန်ခက်ခဲသည့် ကျေးရွာများအား လျှပ်စစ်သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ Solar Mini-Grid မီးလင်းရေးလုပ်ငန်းကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးပြီးမှသာ ဓာတ်အားပေးခွင့်ပြုခြင်းဖြစ်သည့်အတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် အသုံးပြုနိုင်ကြောင်းနှင့် သားစဉ်မြေးဆက် အကျိုးရှိစွာအသုံးချနိုင်ကြပြီး ကျေးရွာနေပြည်သူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း" ပြောကြားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက "ယနေ့မျက်မှောက်ခေတ်တွင် စွမ်းအင်သုံးစွဲမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာသည့် အဓိကညွှန်းကိန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးသောနိုင်ငံအဖြစ် တည်ဆောက်ရာ၌ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အထူးအရေးပါကြောင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းသည် လူနေမှုအဆင့်အတန်းကို မြင့်မားစေရုံသာမက ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အပံ့ပြုနိုင်သကဲ့သို့ အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများပါ တစ်ပါတည်းရရှိလာစေမှာဖြစ်ကြောင်း" အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက အသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူများကိုယ်စား ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းကာ အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အကအဖွဲ့များအား ဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
လူတော်ကြီးကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ်စီမံကိန်းကို ကျေးရွာရှိ အိမ်ထောင်စု (၄၂၀)ခန့် အကျိုးခံစားရရှိရန် မျှော်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အိမ်ထောင်စုပေါင်း (၂၁၈)အိမ်ခန့်အား ဓာတ်အားချိတ်ဆက်ရယူပြီးဖြစ်ကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)