ပေါင်းတည်၌ နွေစပါး ဧက နှစ်သောင်းခြောက်ထောင်ကျော် စိုက်ပျိုးရန် လျာထား

ပေါင်းတည် ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွက် နွေစပါးဧက ၂၆၀၁၀ စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရသည်။

 မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးမည့် စိုက်ပျိုးမြေများသို့ ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေ ပေးဝေမည်ဖြစ်ပြီး တောင်သူများအနေဖြင့် သီးထပ်သီးနှံများ ဆက်လက်စိုက်ပျိုးနိုင်ရန်အတွက် ယခင်နှစ်များထက်စော၍ နွေစပါးစိုက်ပျိုးကြမည်ဖြစ်ကြောင်းနှင့် နွေစပါးစိုက်ပျိုးရေအတွက် ဝဲကြီးရေလှောင်တမံမြောင်းလက်တံများမှ စိုက်ပျိုးမြေများသို့ ဇန်နဝါရီလ ပထမအပတ်အတွင်း ပို့လွှတ်နိုင်ရန် ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြာင်းဦးစီးဌာနမှ သိရသည်။

လတ်တလောတွင် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနှင့် ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက စိုက်ပျိုးမည့်မြေများ ကြည့်ရှုစစ်ဆေးခြင်း၊ စိုက်ပျိုးမည့် မျိုးကောင်းမျိုးသန့် အထွက်ကောင်း စပါးမျိုးများရွေးချယ်စေခြင်း၊ ကောင်းမွန်သော စိုက်နည်းစနစ်များဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရေးတို့အတွက် တောင်သူများနှင့် ပူးပေါင်းကာ အသိပညာပေး ဆွေးနွေးပွဲများ ကွင်းဆင်းပြုလုပ်ကာ တောင်သူများအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)