မြဝတီ ဒီဇင်ဘာ ၃၀
ကရင်တိုင်းရင်းသားလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်းတွင် ယနေ့နံနက် ၇ နာရီက အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားတွင် မြဝတီမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်း သဘာပတိကြီး ဦးစောထွန်းဝေက နှစ်သစ်ကူးမိန့်ခွန်းပြောကြားပေးပြီး ကရင်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းနာယကချုပ် ဆရာတော်ဒေါက်တာ အရှင်ပညာသာမိ ပေးပို့သော “ကရင်အမျိုးသား နှစ်သစ်ကူးနေ့” သဝဏ်လွှာကို တောင်ကလေးအေးရိပ်သာကျောင်း ဆရာတော်အရှင်အဂ္ဂဝံသ အရှင်သူမြတ်က မြွက်ကြားပေးကာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို့လာသော “ကရင်အမျိုးသား နှစ်သစ်ကူးနေ့” သဝဏ်လွှာကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ဖတ်ကြားသည်။
ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံစာတမ်းကို ပိုးကရင်ဘာသာဖြင့် နာန့်ဖဝ့်ထ်ုဃှီကလည်းကောင်း၊ စကောကရင်ဘာသာဖြင့် နော်ဖဝ်အားထိုင်ကလည်းကောင်း ဖတ်ကြားသည်။ ထို့နောက် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေးဥက္ကဋ္ဌ စောဇော်မင်းသိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးပြီး ကရင်ရိုးရာကောက်သစ်စားပွဲတော်ကို ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများက ပျော်ရွှင်စွာသုံးဆောင်ခဲ့ကြသည်။ အလားတူ ကရင်အမျိုးသားနေ့ နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲ၊ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)