ဖျာပုံ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ BBM ဝန်းအတွင်း ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်(၅)နာရီအချိန်က အဆိုပါ BBM ဝန်းအတွင်းရှိ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ကြသည်။
ရှေးဦးစွာ ကရင်အမျိုးသားအလံတော်အား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်လေးနှင့် ဆရာစောအယ်ဝါးတို့က လွင့်ထူပေးကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတော်တို့အား အလေးပြုကြသည်။ ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဒုတိပိုင်းအစီအစဥ်ကို ဆက်လက်ကျင်းပရာ သဘာပတိတစ်ဦးမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အဖွင့်အမှာစကားပြောကြားပြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဗဟိုကော်မတီမှပေးပို့သော ကရင်အမျိုးသားသဝဏ်လွှာအား ခရိုင်ကရင်တိုင်းရင်းသား၊ စာပေ၊ ယဥ်ကျေးမှုအသင်း အတွင်းရေးမှူး စောသိန်းဝင်းအောင်က ဖတ်ကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှပေးပို့သော (၈၇)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ဆရာစောအယ်ဝါးနှင့် နော်သောဂေးစေးတို့မှ ဖတ်ကြားကြပြီး ကရင်အမျိုးသား ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဆရာမကြီးနော်ဆာဝါးကြည်မှ ဖတ်ကြားတင်ပြကြသည်။ ထို့နောက် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေး ကော်မတီအတွင်းရေးမှူး စောကိုကိုသန်းက ကျေးဇူးတင်စကားပြောကြားပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကရင်ရိုးရာအကများဖြင့် တင်ဆက်ဖျော်ဖြေခြင်းများနှင့် ကရင်ရိုးရာအစားအစာများဖြင့် ကျွေးမွေးလှူဒါန်းကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)