မအူပင် ဒီဇင်ဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အဖွဲ့ဝင်များသည် ယမန့်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာရှိ တေဇဝန္တာရာမ ပတ္တမြားကျောင်းတိုက်သို့ရောက်ရှိကာ ဆရာတော်ဘဒ္ဒန္တပဏ္ဍိတအားဖူးမြှော်၍ သင်္ကန်းခြင်း၊ ဆန်နှင့်ဆီတို့အား ဆက်ကပ်လှူဒါန်းရာ ပတ္တမြားကျောင်းဆရာတော်ဘဒ္ဒန္တပဏ္ဍိတမှ ဘုရားဆင်းတုတော်အား ပူဇော်ရန် ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာသို့ရောက်ရှိပြီး တိုက်နယ်ဆေးရုံတည်ဆောက်မည့် မြေနေရာအား ကြည့်ရှုခဲ့ပြီး လေးအိမ်စုကျေးရွာ ဓမ္မစကူးလ်ကျောင်းသို့ ရောက်ရှိကာ ဆရာလေး မဟေမာစာရီအားဆန်နှင့်ဆီများ လှူဒါန်းခဲ့ကာ ဓမ္မစကူးလ် တက်ရောက်သင်ကြားနေသော ကျောင်းသား/သူများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော် (၄) မြို့နယ်မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြရာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)