နတ်မောက်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

နတ်မောက် ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန( Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများအနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းသိရှိပြီး အစဉ်အောင်းမေ့ သတိရစေရန်၊ အနာဂတ်၏ မျိုးဆက်သစ် လူငယ်များသည်အမျိုးကို ချစ်တဲ့စိတ်၊ မိမိဘာသာကိုယုံကြည်မှု၊ မိမိယဉ်ကျေးမှုကိုထိန်းသိမ်းထားလိုတဲ့ စိတ်များမွေးမြူရမှာဖြစ်ပါကြောင်း၊ အနာဂတ်တွင်အသိပညာဗဟုသုတကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို  ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပန်းချီပြိုင်ပွဲကိုကျင်းပရာ “ရှေ့သို့ချီမည်ပန်းတိုင်ဆီ" ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်း (အောင်ဆန်း)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)မှ အလယ်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၂၂)ဦးဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။

လှဝင်း(ပြန်/ဆက်)