မင်းဘူး(စကု)မြို့နယ်၌ ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း ၄၅ ဧက အကောင်အထည်ဖော် စိုက်ပျိုးထားရှိ

မင်းဘူး          ဒီဇင်ဘာ        ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေး၊ ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေးနှင့် နေကြာသီးနှံကို တောင်သူအချင်းချင်း မျိုးသန့်ပွား သုံးစွဲနိုင်စေရန် ရည်ရွယ်၍ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း ၄၅ ဧကကို ဒေသခံအကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံအကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းပြီး ဒေသခံတောင်သူ (၁၃)ဦးဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွက် ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ဆင်းရွှေကြာ-၂ ဧက(၃၀)နှင့် ရေဆင်းစပ်မျိုး-၁ (၁၅)ဧက စုစုပေါင်း ၄၅ ဧကကို အကောင်အထည်ဖော် စိုက်ပျိုးထားကြောင်း၊ ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်သည့် အကျိုးဆောင်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးသွင်းအားစုအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးစေ့တစ်ဧကလျှင် 3 Kg နှုန်း၊ ရေဆင်းစပ်မျိုး-၁ မျိုးစေ့တစ်ဧကလျှင် အဖို 1 Kg နှင့် အမ 3 Kg နှုန်း ပံ့ပိုးပေးထားသည့် အပြင် ယူရီးယာဓါတ်မြေဩဇာ တစ်ဧကလျှင် 50 Kg တစ်အိတ်နှုန်းကို ဌာနမှ သတ်မှတ်ဈေးနှုန်း အတိုင်း ဖြန့်ဖြူးရောင်းချေပေးထားကြောင်း၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်ကောင်းမွန်ရရှိရေး နေကြာမျိုးစေ့ချချိန်မှ ရင်မှည့်ချိန်အထိ တောင်သူ ပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်စိုးလင်းက ပြောသည်။

ဒေသခံတောင်သူအများစုသည် ဆောင်းနေကြာသီးနှံကို ကြောင်းဆွဲစနစ်နှင့် ပက်ကြဲနစ် သီးသန့်၊ သီးထပ်၊ သီးညှပ် ပုံစံမျိုးစုံဖြင့် စိုက်ပျိုးလေ့ရှိကြောင်း၊ ကြောင်းဆွဲစိုက်ပျိုးနည်းသည် မျိုးစေ့ အကျမှန်ကာ စိုက်ပျိုးနည်းစနစ် မှန်ကန်သည့်အတွက် အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း၊ ယခုလက်ရှိ နေကြာမျိုးသန့်ပွားစိုက်ခင်းအား အဖိုးတစ်တန်း အမလေးတန်းနှုန်းဖြင့် ကြောင်းဆွဲ စိုက်ပျိုးထားပြီး မြေခံမြေဩဇာသုံးစွဲ၍ ပေါင်းမြက်နှိမ်နင်းကာ သားခွဲခြင်းနှင့် သဘာဝရွက်ဖျန်း အားတိုးဆေးများ ပက်ဖျန်းထားကြောင်း၊ နေကြာသီးနှံကို စနစ်တကျ စိုက်ပျိုးနိုင်ပါက အထွက်နှုန်း တိုးတက်ကောင်းမွန်ပြီး နေကြာမျိုးကောင်း မျိုးသန့်များအား မျိုးသန့်ပွာ ပြန်လည်ရောင်းချချိန်၌ ဈေးကောင်းပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးပြီး (ပန်းပွင့်စ)ဝတ်မှုံကူးချိန်မှ ပန်းပွင့်ပြီးဆုံး ချိန်အထိ ပျားအုံပုံးများကို နေရာအနှံ့ လာရောက်ချထားပေးခြင်းသည် နေကြာစိုက်ခင်းများအပြင် အခြားသီးနှံများအတွက် များစွာအထောက်အကူပြုကြောင်း ရေမြက်ကျေးရွာမှ ဒေသခံတောင်သူ ဦးအောင်ဆန်းဝင်းက ရှင်းပြသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် အဆိုပါနေကြာ မျိုးစေ့ထုတ်စိုက်ခင်း ၄၅ ဧက အပါအဝင် ဆောင်းနေကြာသီးနှံကို မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ သီးသန့်၊ သီးထပ်၊ သီးညှပ် စိုက်ခင်းများအဖြစ် ဧကပေါင်း ၂၉၇၈၈ ဧကအထိ တိုးချဲ့ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)