ထားဝယ် ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများအချင်းချင်း ပူးပေါင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများ ဦးဆောင်ကျင်းပသော ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ စည်းကာသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာချမ်းသာကြီးကျောင်းဆရာတော် ဦးသုန္ဒရ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာနှင့် ကက်သလစ်ဘုန်းတော်ကြီး ဖာသာဂျိုးဇက်သိန်းခင်တို့က ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် ကရင်တိုင်းရင်းသား ကိုယ်စားလှယ်တော်ကြီးများက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနပြခန်း၊ ကရင်ရိုးရာယဉ်ကျေးမှုပြခန်းအား လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက တိုင်းရင်းသားများ၏ ပြည်ထောင်စုအက၊ ကရင်ဒုံးယိမ်းအက၊ မွန်တပင်တိုင်အက၊ ထားဝယ်ရိုးရာအက၊ စံတော်ချိန်တီးလုံးနှင့်တိုင်းရင်းသား အကအလှပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးသည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် တိုင်းရင်းသားများ၊ ဒေသခံပြည်သူများ၊ ဈေးဆိုင်ခင်းများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)