ရွှေဘိုမြို့၌ မုန့်လုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

​ရွှေဘို ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုမြို့၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မုန့်မျိုးစုံ ပြုလုပ် နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ရွှေဘိုခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်အေးမြမွန်က သင်တန်းဆင်းအမှာစကား ​ပြောကြားရာ “ယနေ့မုန့်လုပ်နည်းသင် တန်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါကြောင်း၊ သင်တန်းတက်ရောက်ပြီး သင်ယူရာတွင် သင်တန်းသားများအနေဖြင့် စိတ်အားထက်သန်မှု၊ စိတ်ဝင်စားမှုနှင့် ကြိုးစားမှုတို့ကြောင့် မုန့်လုပ်နည်းဖြင့် အနာဂတ်တွင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ထူထောင် လုပ်ကိုင်နိုင်ခြင်းတို့ကြောင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီးနောက် သင်တန်းနည်းပြဆရာအား ဂါရဝလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားရာ “ယခုသင်တန်းတွင် သင်ကြားပေးခဲ့သည့် အာလူးပူတင်း၊ ခါကြက်ဥဆနွင်းမကင်း၊ အုန်းနို့ကျောက်ကျော စသည့်မုန့်လုပ်နည်းများကို နည်းစနစ်ကျကျ လက်တွေ့သင်ယူလေ့လာခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းတက်ရောက်ပြီးပါက သင်တန်းမှ လေ့လာသင်ယူခဲ့သော မုန့်မျိုးစုံလုပ်နည်းများကို ပြန်လည် အသုံးချနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ​

အဆိုပါ သင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာတွေ့လက်တွေ့(၂)ရက်ကြာ သင်ကြားပို့ချပေးခဲ့ပြီး ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)