မြဝတီ ဒီဇင်ဘာ ၃၀
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက်၊ တရုတ်ဘုံကျောင်းတွင် ကျင်းပသည်။
ဦးစွာ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ဆရာ၊ဆရာမများနှင့် သားငယ်၊ သမီးငယ်များက နိုင်ငံတော်အလံအလေးပြုခြင်းဆောင်ရွက်ပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ သားငယ်၊ သမီးငယ်များက ထာဝရမြန်မာတေးသီချင်း၊ တိုင်းရင်းသား အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးသည်။
ထို့နောက် မြဝတီမြို့နယ် Old Star ဘောလုံးအသင်းဥက္ကဋ္ဌ ဦးကြည်စိုးက ပြိုင်ပွဲစည်းကမ်းများ၊ အမှတ်ပေးစည်းမျဉ်းများ ရှင်းလင်းပေးပြီး ပြိုင်ပွဲကိုစတင်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ဘောလုံးဇွန်းကိုက်၊ မုန့်စားပြိုင်ပွဲ၊ ရင်ဘတ်ဖြင့် ဘောလုံးသယ်၊ ဘောလုံးကောက်၊ လက်ဆင့်ကမ်း၊ ဘောလုံးပစ်ထည့်၊ ဂုံနီအိတ်စွတ်ပြေး၊ ခြေပူးတွဲ၊ အပြေးပြိုင်နှင့် ခုံလုအားကစားနည်းများကို အဖွဲ့လိုက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း နာယကကြီး ဦးသန်းရွှေနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုများချီးမြှင့်သွားမည်ဖြစ်သည်။
ထို့သို့ကလေးငယ်များအား အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် အားကစားကဏ္ဍတွင် ထူးချွန်ထက်မြက်နေစေရန်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိလာစေရန် ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)