ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားတုများတပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းများ ပြုလုပ်ပေးလျက်ရှိ

ပဲခူး ဒီဇင်ဘာ ၃၀

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေး ကုသဆောင်၌ ဒီဇင်ဘာလ(၂၆)ရက်နေ့မှ ဇန်နဝါရီလ(၁)ရက်နေ့အထိ သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ပေးခြင်း၊ သွားတုပြုလုပ်တပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။

အဆိုပါ သွားတုများတပ်ခြင်းပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းပြုလုပ်နေမှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်မာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့မှ သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ဆေးပေးနေခြင်းကို ကြည့်ရှုခဲ့ကြပြီး သွားတုများ တပ်ဆင်ပေးခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အဖွဲ့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှုပြီး ခွဲစိတ်ပြီးလူနာများနှင့် ခွဲစိတ်မည့်လူနာများအား အားပေးစကား ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ပေးခြင်း၊ သွားတုပြုလုပ်တပ်ခြင်းပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းကို ဒီဇင်ဘာလ(၂၆) ရက်နေ့မှ ဇန်နဝါရီလ (၁)ရက်နေ့အထိ ကုသပေးမည်ဖြစ်ပြီး သွားတုတပ်ဆင်ပေးခြင်းကို ပဲခူးတိုင်းဒေသကြီး(အရှေ့) မြို့နယ်(၁၄) မြို့နယ်မှ သက်ကြီးဘိုးဘွား (၇၁)ဦးအားလည်းကောင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ကုသပေးခြင်းအား တစ်နေ့လျှင်လူနာ(၂၀)ဦးနှုန်းဖြင့်လည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားနှင့်ခံတွင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင် ဦးဆောင်သည့် သွားဆရာဝန်များ၊ သွားတုပညာရှင်များမှ စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ကြပြီး ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)အတွက် ပြည်မြို့အထွေထွေ ရောဂါကုဆေးရုံကြီး၌ ဆက်လက်ကုသပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)