ချောင်းဦး ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ဆောင်းသီးနှံ(ဂျုံ)စိုက် တောင်သူများအား ဖိတ်ကြားပြီး နေကြာသီးနှံ သီးထပ် သီးညှပ်စိုက်ပျိုးရေး တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ ပြုလုပ်၍ တိုင်းဒေသကြီးအစိုးရ အစီအစဥ်ဖြင့် ရရှိလာသော ယူရီးယားမြေသြဇာအိတ်များကို သက်သာသော စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ ဆောင်းသီးနှံ(ဂျုံ)စိုက် တောင်သူများအား ဖိတ်ကြားပြီး တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲပြုလုပ်ပေးခြင်းဟာ နေကြာသီးနှံကို သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးလာစေရန်၊ ဒေသတွင်းစားသုံးဆီဖူလုံစေရန်သာမက အခြားဒေသများကိုပါ တင်ပို့ရောင်းချနိုင်စေရန်၊ ကျန်းမာရေးနှင့်သင့်တော်ပြီး အရည်အသွေးကောင်းတဲ့ နေကြာဆီကို စားသုံးနိုင်စေရန် ရည်ရွယ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အစီအစဥ်နဲ့ ရရှိလာတဲ့ ယူရီးယားမြေသြဇာအိတ်များကို သက်သာသော စျေးနှုန်းနဲ့ တောင်သူများအား ဖြန့်ဖြူးရောင်းချပေးနိုင်တဲ့အတွက် ဆောင်းသီးနှံ ဂျုံ စိုက်တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အထွက်နှုန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားသည်။
တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲတွင် ကျီကုန်းကျေးရွာမှ ဂျုံစိုက်တောင်သူ ဦးရွှေဝင်းက နေကြာသီးနှံကို သီးထပ်သီးညှပ်အနေဖြင့် လက်ရှိစိုက်ပျိုးနေကြောင်း၊ စားသုံးဖို့ ဆီသန့်ကို ရရှိတဲ့အတွက် သီးထပ်သီးညှပ်စိုက်ပျိုးဖို့ တိုက်တွန်းကူညီတဲ့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနကို ကျေးဇူးတင်ကြောင်း ဆွေးနွေးသည်။ ချောင်းဦးမြောက်မှ တောင်သူဦးတင်မြင့်ကလည်း နေကြာသီးနှံကိုစိုက်ပျိုးရန် မလျာထားသော်လည်း ၂၀၂၄ မိုးနေကြာကို ၃ဧကစိုက်ပျိုးခဲ့ရာ စားသုံးဆီဖူလုံခဲ့ကြောင်း ယခုဆောင်းရာသီ ဂျုံသီးနှံ ၅ ဧကမှာ နေကြာသီးနှံကို သီးညှပ်စိုက်ပျိုးထားကြောင်း၊ မိသားစုအတွက် စားသုံးဆီဖူလုံပြီး ပိုလျံတဲ့ဆီကို ရောင်းချမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ တက်ရောက်လာကြသည့် တောင်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး နေကြာသီးထပ်သီးညှပ်စိုက်ပျိုးခြင်းနှင့် ပတ်သက်သည့် အတွေ့အကြုံဗဟုသုတများ ဖလှယ်ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက နေကြာပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေး ဆွေးနွေး၍ ဒုတိယဦးစီးမှူး ဒေါ်မာလာနွယ်မှ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နည်းများကို ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် တောင်သူများအား ယူရီးယားမြေသြဇာအိတ်များ ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး နေကြာ ရေဆင်းစပ်မျိုး-၁ မျိုးများဖြန့်ဖြူး ပေးအပ်ခဲ့သည်။
တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲသို့ ကျေးရွာအုပ်စု (၇)အုပ်စုမှ တောင်သူ ၉၃ ဦး တက်ရောက်ခဲ့ကြောင်း၊ ချောင်းဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ အတွက် ဂျုံသီးနှံစိုက်ပျိုးရန် ၁၂၂၀၀ဧက လျာထားထားပြီး ယခုအချိန်အထိ ၁၁၁၉၅ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)