ခရီးသွားများကိုယ်တိုင် လယ်ယာထွန်ယက်စိုက်ပျိုးအပန်းဖြေနိုင်မည့် ကော့ကျိုက်-တော်ပုံ လမ်းမကြီးဘေးက Kawt Ma Yan Resort ပန္နက်တော်တင်

ဘားအံ ဒီဇင်ဘာ  ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များကိုယ်တိုင် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းနိုင်မည့် စိုက်ပျိုးရေးကိုအခြေခံသောခရီးစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော Kawt Ma Yan Resort Co.Ltd ၏ Kawt Ma Yan Resort ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက ဘားအံမြို့နယ်၊ ကော့မရမ်းကျေးရွာ ကော့ကျိုက်-တော်ပုံကားလမ်းမကြီးဘေး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

ဦးစွာ Kawt Ma Yan Resort Co.Ltd Managing Director က Kawt Ma Yan Resort စိုက်ပျိုးရေးကိုအခြေခံသည့်ခရီးသွားလုပ်ငန်းအကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးသွားကဏ္ဍနှင့် ဆက်စပ်နေသည့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များအားလုံးပူးပေါင်းကာ စွမ်းဆောင်ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။

ကရင်ပြည်နယ်သည် သဘာဝတောတောင်ရေတံခွန်ရှုခင်းများ၊ ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ တိုင်းရင်းသားတို့၏ ချစ်စဖွယ်လူနေမှုဓလေ့များ၊ သွားလာလည်ပတ်စရာနေရာဒေသပေါများစွာ တည်ရှိခြင်းနှင့် တည်းခိုနေထိုင်စရာ နေရာအလုံအလောက်ရှိခြင်းတို့ကြောင့် နှစ်စဉ်ခရီးသွားဧည့်သည် ဝင်ရောက်မှုတိုးတက်လျက်ရှိပြီး ယခုအသစ်ထပ်မံ တည်ဆောက်မည့် စိုက်ပျိုးရေးကို အခြေခံသောခရီးသွားလုပ်ငန်း Kawt Ma Yan Resort ကို ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၅ ဒသမ ၉ ဘီလီယံဖြင့် မြေဧရိယာ ၃ ဒသမ ၃၀ ဧကအနက်မှ ၀ ဒသမ ၉၀ ဧကကို အိပ်ခန်းပေါင်း ၃၀ ပါဝင်သော Resort အဖြစ် တည်ဆောက်သွားမည်ဖြစ်ကာ ဒေသခံပြည်သူ ၆၀ ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေ၍ ခရီးသွားဧည့်သည်များအနေဖြင့် ကိုယ်တိုင်လယ်ယာ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ စပါးခင်းများအကြား အပန်းဖြေအနားယူခြင်းတို့အပြင် ခြေလျင်တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ လှေလှော်ခြင်း ခရီးစဉ်များပါရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးရေးကိုအခြေခံသည့်ခရီးသွားလုပ်ငန်း Kawt Ma Yan Resort ကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက မင်္ဂလာပန္နက်ရိုက်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး Kawt Ma Yan Resort View Point နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)