စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်၊ သံဃာတော်အား ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

မုံရွာ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ၆ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်း ၇ ကျောင်းမှ သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက ဆွမ်း၊ ဆွမ်းဟင်းနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မိသားစုဝင်များမှ ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူရန် ပြင်ဆင်နေမှုများအား လိုက်လံကြည့်ရှု အားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များက ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ၊ သစ်သီးနှင့်အချိုပွဲများ လောင်းလှူခြင်းနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်းများနှင့် ဝတ္ထုငွေများ လောင်းလှူကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းနှင့်ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များမှ လစဉ်လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)