မုံရွာ ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ဆုတောင်းပြည့်စေတီတော်ကြီး၌ အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဘောဂရံသီဝိပဿနာဓမ္မာရုံကြီး၌ကျင်းပရာ ဖွင့်ပွဲအခမ်းအနား သို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၏ စာချဆရာတော် ဘဒ္ဒန္တသီရိန္နမှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်ခြင်းနှင့် ဘဒ္ဒန္တသီဟနာရာလင်္ကရမှ အသံမစဲမဟာပဋ္ဌာန်းဒေသနာတော်နာကြား၍ နတ်၊ ဗြဟ္မာများအား ဖိတ်ကြားသည်။
ယင်းနောက် မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယအဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တသူရိယ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်ကြသည်။
ဆက်လက်ပြီး ပင့်သံဃာဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မုံရွာမြို့၊ သာစံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တတေဇဝံတ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ပဋ္ဌာန်း(၂၄)ပစ္စည်း ပစ္စယုဒ္ဒေသပါဠိတော်အား ပြိုင်တူရွတ်ဖတ်ကြပြီး “ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အလှည့်ကျဆရာတော်မှ အသံမစဲမဟာပဌာန်း စတင်ရွတ်ဖတ်ပူဇော်သည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက မုံရွာမြို့၊ ဆုတောင်းပြည့်စေတီတော်ကြီးအား ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများက စုပေါင်း၍ စေတီတော်ကြီးရင်ပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် စေတီတော်ကြီးပတ်ဝန်းကျင်အား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၇ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၆၀၀ ကျော်ဖြင့် ဘုရားစေတီပုထိုးများနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)