မကွေး ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး မကွေးမြို့ မကွေးတက္ကသိုလ်နှင့် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးနှင့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြှင့်ဆွေးနွေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီက မကွေးတက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ နည်းပြများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူသားအရင်းအမြစ်က အဓိကအကျဆုံးဖြစ်သလို လူ့စွမ်းအား အရင်းအမြစ်တွေ တိုးတက်ဖွံ့ဖြိုးစေဖို့ကလည်း ပညာရေးမြင့်မားဖို့က အရေးပါကြောင်း၊ အခြေခံပညာအထက်တန်းဆင့်ကို သင်ရိုးသစ်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေရာ သိပ္ပံဘာသာရပ်များဖြစ်တဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်များမှာ လက်တွေ့သင်ခန်းစာများ သင်ကြားရာတွင် အခက်အခဲတစ်ချို့ တွေ့ကြုံနေရတဲ့အတွက် တာဝန်ရှိသူများက သင်ထောက်ကူ လက်တွေ့အသုံးချသင်တန်းနှင့် စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးတာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချခြင်းဖြင့် ဆရာ၊ ဆရာမများရဲ့ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် မြှင့်တင်ရာရောက်သလို မိမိတို့ရဲ့အသိပညာများကို ပြန်လည်ပို့ချသင်ပြရမည့် ဆရာ၊ ဆရာမများအနေနဲ့ ကျောင်းသား၊ ကျောင်းသူလေးများရဲ့ ပညာရည်မြင့်မားတိုးတက်စေရန်အတွက်လည်း များစွာအထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း၊ ယခု တက်ရောက်လာကြတဲ့ ဆရာ၊ ဆရာမများအနေနဲ့ သင်ရိုးသစ်ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ သင်ကြား၊ သင်ယူမှု အောင်မြင်စေရန်အတွက် အဓိကလိုအပ်တဲ့ ဘာသာရပ်ကျွမ်းကျင်မှုအတွက် တစ်ဖက်က ကြိုးစားလေ့လာရင်း ထိရောက်အောင်မြင်အောင် ဘယ်လိုသင်ကြားပေးရမလဲဆိုတဲ့ သင်နည်းစနစ်ကိုပါ ကြိုတင်တွေးတော ပြင်ဆင်ထားကြပါလို့ မှာကြားလိုကြောင်း၊ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုတဲ့ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ကြီးကို တည်ဆောက်ရာမှာ ပညာရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကာ၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝတဲ့ ဆရာများစွာလိုအပ်သလို ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝတဲ့ ဆရာတစ်ယောက် ဖြစ်လာစေဖို့ အထောက်အကူရရှိမဲ့ သင်ယူလေ့လာမှုတိုင်းကို စနစ်သစ်ပညာရေး ကိုစဉ်ဆက်မပြတ် လေ့လာသင်ယူနေမှသာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အရည်အသွေးပြည့်ဝနေမှသာ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်ရှိပြီး ဗလငါးတန်နဲ့ ပြည့်စုံတဲ့ နိုင်ငံ့သားကောင်းတွေကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ “ပညာရေးသည် နိုင်ငံအရေး ဖြစ်သည်” ဆိုတဲ့အတိုင်း နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရည်ပြည့်ဝသော အသိပညာရှင် အတတ်ပညာရှင်များစွာရှိရန် လိုအပ် ကြောင်း၊ ဆွေးနွေးပွဲမှာ သင်ကြားပို့ချပေးလိုက်တဲ့ သင်ခန်းစာတွေကို တက်တက်ကြွကြွနဲ့ ပြည့်ဝစွာ သင်ယူခြင်းဖြင့် ဆရာ၊ ဆရာမကောင်းတို့ရဲ့ အရည်အချင်းတွေ တိုးတက်လာမှာဖြစ်ပြီး မိမိတို့သင်ကြားပို့ချရမယ့် ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ရုံမျှသာမက ကလေးများကိုယ်တိုင် သင်ယူခွင့်တွေ တိုးတက်လာအောင် လေ့ကျင့်ပြုစုပေးနိုင်မှသာ သင်ကြားရေးအောင်မြင်သော ဆရာ၊ ဆရာမများ အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက Grade-12 အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြှင့် ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ မကွေးမြို့ အ.ထ.က-၁၊ အ.ထ.က-၂၊ အ.ထ.က-၄ နှင့် မကွေးတက္ကသိုလ်တို့၌ ကျင်းပသွားမည်ဖြစ်ပြီး မကွေးတက္ကသိုလ်နည်းပြများ ဦးဆောင်၍ Grade-12 သင် ဆရာ၊ ဆရာမ (၂၄၈၉)ဦးအားလည်းကောင်း၊ သင်ထောက်ကူပစ္စည်းများ လက်တွေးအသုံးချ သင်ကြားနိုင်ရေး ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် မကွေးတက္ကသိုလ်ရှိ ဘာသာရပ် ကျွမ်းကျင်နည်းပြများ၊ ကထိကများနှင့် ပါမောက္ခများမှ သိပ္ပံဘာသာရပ် အထက်တန်းဆင့်သင် ဆရာ၊ ဆရာမ(၁၄၀၄)ဦးတို့အား လက်တွေ့သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ