ကော့သောင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ကော့သောင်း ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်း​ဒေသကြီး၊​ ကော့သောင်းခရိုင်၊​ ကော့သောင်းမြို့တွင်  မီးဘေးလုံခြုံရေးဆိုင်ရာများ အသိပညာပေးဆောင်ရွက်ပေးလိုခြင်းအတွက် ခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများ သရုပ်ပြဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၂၆)ရက်နေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)ရုံး၊ ဒီဇင်ဘာ (၂၇)ရက်နေ့က အိမ်တွင်းမှုသင်တန်းကျောင်းတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့်မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဦးမျိုးသူရဝင်းနှင့် တာဝန်ရှိသူများက မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊  ပြစ်မှုဆိုင်ရာ(၂)ခုဖြစ်သည့် ပုဒ်မ ၂၈၅ ပေါ့ဆမီးနှင့် ပုဒ်မ ၄၃၆ ရှို့မီးအကြောင်း၊ မီးမလောင်စေရန် အလွယ်ကူဆုံးနည်းလမ်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သတိပြုရမည့်အချက်များ၊ကြိုတင်ပြင်ဆင်ထားရှိရမည့် ပစ္စည်းများ အကြောင်းနှင့် မီးခိုးကြောင့်အချိန်တိုအတွင်း အခန်းတွင်းအပူချိန်မြင့်မားကာ မီးခိုးလုံးလျှံထွက် လောင်ကျွမ်းခြင်းဖြစ်စဉ် Flash Over အကြောင်းရှင်းလင်း၍ မီးခိုးမရှုရှိုက်မိရန်နှင့် လွတ်မြောက် ရန်အတွက် ပြုလုပ်ရမည့်ကိစ္စရပ်များ‌ ပြောကြား၍၊ ရုံး၊ ဌာနများအနေဖြင့် မီးဘေးလုံခြုံရေး စီမံချက်ရေးဆွဲထားရှိ၍ စီမံချက်အား မီးသတ်ဦးစီးဌာနသို့ပေးပို့ခြင်းဖြင့် မီး‌လောင်မှုအတွက် ဌာနဆိုင်ရာ စစ်‌ဆေးမှုတွင်သက်‌သေခံမြောက်သည့် အကျိုးကျေးဇူးများ အားအသိပညာပေး‌ ဟောပြောခဲ့သည်။

ယင်းနောက် မီးလောင်မှုဖြစ်ပါက လက်တွေ့မီးငြှိမ်းသတ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက ရေစိုအဝတ်များ၊ မီးသတ်‌ဆေးဘူးများဖြင့် မီးငြှိမ်းသတ်‌ သရုပ်ပြ၍ ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ သင်တန်းသူများအား မီးငြှိမ်းသတ်ခြင်း လက်တွေ့ဆောင်ရွက်‌စေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)