မကွေး ဒီဇင်ဘာ ၂၉
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည့်နည်းတူ မကွေးတိုင်းဒေသကြီး၊ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက မကွေးမြို့၊ ကန်သာမင်္ဂလာကန်တော်ရှေ့၌ ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တာလွှတ်စင်မြင့်ထက်တွင် နေရာယူကာ စုပေါင်းလမ်းလျှောက်ပွဲကို သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကန်သာမင်္ဂလာ ကန်တော်အတွင်း/အပြင်လျှောက်လမ်းကို နှစ်ပတ်ပတ်၍ စုပေါင်းလမ်းလျှောက်ကြပြီး အဆိုပါကန်သာ မင်္ဂလာကန်တော်ရှေ့တွင် စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ် အတွဲ (၁) နှင့်(၂)တို့ကို စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများက တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြ သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်သူများအား စားသောက်ဖွယ်ရာများနှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့ပြီး၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများနှင့် အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ဗလမပါကံစမ်းမဲများ ဖောက်ပေးခဲ့ သည်။
စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား သုံးသောင်းကျော်ဖြင့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ